Facebook ရဲ့ Messenger ချွတ်ယွင်းမှု ပြဿနာ ကမ္ဘာအနှံ့မှာ ကြုံတွေ့ခဲ့
Facebookနဲ့ Instagramတို့ရဲ့ Message အထောက်အပံ့ စနစ်တွေ ပုံမှန် အသုံးပြုလို့ မရတဲ့ ပြဿနာမျိုး ကမ္ဘာအနှံ့မှာ ကြုံတွေ့ခဲ့ပါတယ်။
လွန်ခဲ့တဲ့ နာရီပိုင်းကစလို့ မြန်မာအပါအဝင် နိုင်ငံ အတော်များများမှာ Facebook Messengerကို ပုံမှန် အသုံးပြုလို့ မရတော့တဲ့ ချွတ်ယွင်းချက်တွေ တွေ့လာရပါတယ်။ အခုတော့ တချို့ သုံးစွဲသူတွေဆီမှာ ပုံမှန် အခြေအနေ ပြန်ဖြစ်လာနေပါပြီ။ ဒီပြဿနာမျိုးကို မိုဘိုင်းမှာရော၊ PC ကွန်ပျူတာတွေမှာပါ ကြုံခဲ့ရပါတယ်။
Facebookက အခုလို ချွတ်ယွင်းမှုမျိုး ဘာကြောင့် ဖြစ်ရတယ် ဆိုတာကို တရားဝင် မကြေညာသေးပါဘူး။ ဒါပေမဲ့ မတူညီတဲ့ နည်းပညာ ပလက်ဖောင်းတွေကြား ချိတ်ဆက်ချိန်မှာ ကြုံရတဲ့ ချွတ်ချော်မှု တစ်ခုလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Facebookရဲ့ Messengerမှာ ပေးပို့တဲ့ ဖိုင်တွေနဲ့ စာသားတွေက သက်ဆိုင်ရာ ဆာဗာတွေဆီ မရောက်တာမျိုး ဖြစ်နေခဲ့ပါတယ်။ Instagramမှာလည်း Messageတွေ ပေးပို့တဲ့ အချိန်မှာ ပုံမှန် အလုပ်မလုပ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒီအခြေအနေကို ကမ္ဘာအနှံ့က ဒေသတော်တော်များများမှာ ကြုံတွေ့ခဲ့ပေမယ့် ဥရောပ နိုင်ငံတွေမှာ သက်ရောက်မှု အကြီးမားဆုံးလို့ သိရပါတယ်။ Messenger၊ Instagramနဲ့ Workplace Chatတို့မှာ အဆင်မပြေတာကို သုံးစွဲသူတွေက အကြောင်းကြားထားကြောင်း၊ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားနေကြောင်း Facebookရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ယောက်က ဆိုပါတယ်။
သုံးစွဲသူ တော်တော်များများက ဒီပြဿနာကို Facebookမှာရော၊ Twitterမှာပါ အရေးဆို ရေးသားခဲ့ကြပါတယ်။ Facebookဟာ အမေရိကန်မှာ စျေးကွက် လက်ဝါးကြီး အုပ်လိုမှု အပါအဝင် ကြီးမားတဲ့ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ရဖို့ ပြင်ဆင်နေရတဲ့ ကာလမျိုးမှာ အခုလိုမျိုး နည်းပညာ ချွတ်ယွင်းချက် တစ်ခုနဲ့ပါ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
Credit: 7Day TV
#ဆော့ဝဲလမ်းညွှန်