“Like” Counts ကို ဖျောက်နေတဲ့ Facebook
လူမှုကွန်ရက်တွေရဲ့ အဓိက ရည်ရွယ်ချက်က လူသားတွေကို ချိတ်ဆက်ပေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် အခြား မလိုလားအပ်တဲ့ ပြဿနာတွေကြောင့် လူမှုကွန်ရက် စွဲလမ်းစွာ သုံးနေတာတွေကို ကန့်သတ်နိုင်မယ့် လုပ်ဆောင်ချက်တွေကို ဖန်တီးနေကြပါတယ်။ အခုတော့ Facebook က သူပိုင်တဲ့ Instagram မှာ စမ်းသပ်နေသလိုမျိုး “Like” Counts တွေကို ဖျောက်နေပါတယ်။
“Like” Counts ကို ပို့စ်ပိုင်ရှင်ကပဲ မြင်ရပြီး အခြား လူတွေက မမြင်ရပါဘူး။ TechCrunch က မေးမြန်းရာမှာ Facebook က “Like” Counts ကို ဖျောက်နေတာကို စမ်းသပ်နေတယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ စမ်းသပ်နေတာတော့ မဟုတ်သေးပါဘူး။
“Like” Counts ကို ဖျောက်ရတဲ့ ရည်ရွယ်ချက်က လူမှုကွန်ရက်မှာ အပြိုင်အဆိုင်တွေ လျော့နည်းစေဖို့ ဖြစ်ပါတယ်။ ဒီလို ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးဖို့ ဖြစ်ပါတယ်။ သုတေသန စစ်တမ်းများက လူမှုကွန်ရက် ပလက်ဖောင်းများဟာ အထူးသဖြင့် လူငယ်တွေရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေတာနဲ့ ပတ်သက်နေတယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်များမှာ Likes အရေအတွက်နဲ့ ထင်ပေါ်ကျော်ကြားမှုကို တိုင်းတာကြပါတယ်။ အဲဒီအတွက် “Like” ရတာ နည်းတဲ့ လူများဟာ စိတ်ဖိစီးမှုများ၊ စိတ်ဓါတ် ကျခြင်းများ ဖြစ်ပေါ်လေ့ရှိပါတယ်။
Facebook Australia နဲ့ New Zealand ရဲ့ မူဝါဒ ဒါရိုက်တာ ဖြစ်သူ Mia Garlick က “ သုံးစွဲသူတွေဟာ နှစ်သက်တဲ့ အရာတွေကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မျှဝေနိုင်ပါတယ်။ သူများတွေ Likes ဘယ်လောက်ရသလဲ ဆိုတာ မသိတဲ့ အတွက် စိတ်ဖိစီးမှုတွေ မရှိတော့ပါဘူး။ “ လို့ ပြောပါတယ်။
Ref : androidpolice
Credit: Digital Time
#ဆော့ဝဲလမ်းညွှန်